ezStay blog

သီတင်းကျွတ်လမှာကျင်းပတဲ့ဖောင်တော်ဦးဘုရားပွဲတော်

06 Sep 2017

" သွေးချင်းသားချင်း ညီကိုများ ဖောင်တော်ဦးဘုရားကို ရောက်အောင်သွား " ဆိုတဲ့ အတိုင်း ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ကြီး အလယ်မှာ သပ္ပာယ်စွာ တည်ရှိနေတဲ့ ဖောင်တော်ဦးဘုရားကြီးဟာဆိုရင် မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ထူးခြားတဲ့ ပုံစံနဲ့ တည်ရှိနေတဲ့ ဖောင်တော်ဦးဘုရားဟာဆိုရင် ထူးခြားတဲ့ သမိုင်း အစဉ်အလာလည်း ရှိပါတယ်။ ဒီဖောင်တော်ဦး ဘုရားကြီးဟာဆိုရင် သိကြားမင်းက ဘီလူးမ ဆက်သတဲ့ သရက္ခန်သစ်သားကို ဗုဒ္ဒရုပ်ပွားတော် ( ၅ ) ဆူ ထုလုပ်ကာ အလောင်းစည်သူမင်းကြီးအားပေးအပ်ခဲ့တဲ့ ရုပ်ပွားတော်တွေ ဖြစ်ပါတယ်။ ၄ ဆူမှာ ဗုဒ္ဓရုပ်ပွားတော်ပုံစံဖြစ်ပြီး ကျန်တစ်ဆူကတော့ ရဟန္တာရုပ်တုပုံစံဖြစ်ပါတယ်။ တချို့က ကမ္ဘာမှာ ပွင့်တဲ့ ဘုရားငါးဆူကို ရည်ညွှန်းတယ်လို့လည်း ဆိုကြပါတယ်။ အလောင်းစည်သူမင်းကြီးက ရုပ်ပွားတော်တွေကို ဌာပနာပြီး တည်ထားကိုးကွယ်ဖို့ တောင်ညိုတောင်တန်းသို့ ပင့်ဆောင်လာစဉ်မှာ သန်းတောင်ရပ်မှာ ဆင်များရပ်တန့်သွားတာကြောင့် အဲ့ဒီနေရာမှာပဲ ဘုရားတည်ခဲ့ပါတယ်။ 


ခရစ်နှစ် ၁၃၅၉ ခုနှစ် ညောင်ရွှေစော်ဘွား စီဆိုင်ဖ လက်ထက်မှာတော့ သန်းတောင်ရွာသားတွေ ခြုံနွယ်ပိတ်ပေါင်းကြား လိုဏ်ဂူဝန်းကျင်ကနေ ရောင်ခြည်တော်ကွန့်မြူးနေတာကို မြင်တွေ့ကြပြီး ခြုံတွေ ရှင်းလိုက်တဲ့ အခါမှာတော့ ရုပ်ပွားတော်တွေကို ဖူးတွေ့ခဲ့ကြပါတယ်။ ဒါကြောင့် ဟော်နန်းဦးသို့ ပင့်ဆောင်ပြီး ကျောင်းတော် ဆောက်လုပ်ကိန်းဝပ်စေခဲ့ပါတယ်။


၁၅၁၅ ခုနှစ် စော်ဘွားစပ်နန်းဖဲလက်ထက် ရန်သူတို့ ထိပါးတာကြောင့် ရုပ်ပွားတော်တွေကို အင်းတိမ်ရွာမစံကျောင်းတော်သို့ ပင့်ဆောင်ထားခဲ့ရပါတယ်။ အဲ့ဒီနောက် နှစ်စဉ် သီတင်းကျွတ်လဆန်း ရ ရက်နေ့တိုင်း ညောင်ရွှေဟော်နန်းကို ပင့်ဆောင်ခဲ့ကြပါတယ်။ တစ်ကြိမ်မှာတော့ ရုတ်တရက် လေပြင်းကျပြီး  လှေတော် နစ်မြုပ်ခဲ့ရာ ရုပ်ပွားတော် ၄ ဆူကိုသာ ဆယ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၄ ဆူသာပြန်လည်ပင့်ဆောင်စဉ် စံကျောင်းတော် ဂန္ဓာကုဋီတိုက်မှာ ကျန်တစ်ဆူကို ဦးခေါင်းတော်မှာ ရေညှိများ ရစ်ပတ်လျက်တွေ့ရပါတယ်။ သို့ဖြင့်နောက်ပိုင်းမှာ ၄ ဆူသာ ဒေသစာရီကြွချီခဲ့ပါတယ်။ 

အရင်က စံကျောင်းတော်မှာ ရွှေအင်းတိမ်ဘုရားကြီး အရှေ့ဘက် မဟာဂါမရွာမှာ တည်ရှိသော်လည်း ၁၇၇၁ ခုနှစ်မှာ မီးလောင်ခဲ့တာကြောင့် ရွာကြီးဗန့်ပုံမှာ ဆောက်လုပ်ခဲ့ရပါတယ်။ ၁၈၈၁ ခုနှစ်မှာ ထပ်မံမီးလောင်ပြန်ရာ နမ့်ဟူးရွာကို ပင့်ဆောင်ခဲ့ကြရပြန်ပါတယ်။ တစ်ထပ်သစ်သားကျောင်းလေး ဖြစ်ပြီး ဟောင်းနွမ်းပျက်စီးလာတာကြောင့် ၁၉၅၁ ခုနှစ်မှာ ဖျက်သိမ်းပြီး ၁၉၅၂ ခုနှစ် သြဂုတ်လမှာ လက်ရှိစံကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့ရာ ၁၉၅၆ ခုနှစ်ဇွန်လမှာ ပြီးစီးခဲ့ပါတယ်။


နှစ်စဉ် ဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့် ၀န်းကျင်မှာ ကျင်းပလေ့ရှိပါတယ်။ 


အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ဘုရား သမိုင်းကြောင်းလေးပါ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက ဘုရားပွဲတော်ကျင်းပတဲ့ အချိန်ဖြစ်ပါတယ်။ မကြာခင်ဆို ဘုရားပွဲ စတင်ကျင်းပတော့မှာပေါ့နော်။ ထူးခြားတာက ဘုရားပွဲတော်ကို ကမ္ဘာမှာ မြန်မာနိုင်ငံမှာသာရှိတဲ့ ခြေထောက်နဲ့လှော်ခတ်တဲ့လှေလှော်ပြိုင်ပွဲနဲ့ ပေါင်းပြီးတော့ (၁၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပတာဖြစ်ပါတယ်။ စက်တင်ဘာလ (၂၁) ရက်နေ့မှာစတင်ပြီးကျောင်းထွက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။  ရုပ်ပွားတော်တွေ(၄) ဆူကို ရွှေဟင်္သာနဲ့ အလှ ဆင်ထားတဲ့ ဖောင်တော်ကြီးနဲ့ အင်းလေးကန်ကြီးထဲက ရွာတွေကို တစ်ရွာပြီးတစ်ရွာ လက်ယာရစ် လှည့်လည်တာဖြစ်ပါတယ်။ရွာအသီးသီးကလည်း ကိုယ့်ရွာဝင်မယ့်နေ့မှာဆို လှေများစွာနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုပြီး ဘုရားပွဲတော်ကို ဆင်နွှဲကြပါတယ်။


ညောင်ရွှေမြို့ကို ရောက်တဲ့ အချိန်ဟာ အစည်ကားဆုံးအချိန်ပါပဲ။ စက်တင်ဘာ ( ၂၇ ) ရက်နေ့မှာရောက်ပြီး အဲ့နေ့မှာပဲ လှေလှော်ပြိုင်ပွဲကို လည်း ကျင်းပတာဖြစ်ပါတယ်။





ခြေနဲ့ လှော်ခတ်တဲ့ လှေပြိုင်ပွဲဟာဆိုရင်လည်း တစ်သင်းနဲ့တစ်သင်း အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်တွေနဲ့ တက်ညီလက်ညီ လှော်ခတ်ကြတာ အင်မတန် ကြည့်လို့ ကောင်းတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီးတစ်ယောက်က လွဲချော်တာနဲ့  ဟန်ချက်  ပျက်သွားနိုင်တာကြောင့်  စည်းလုံးခြင်း ဆိုတဲ့ စိတ်ဓာတ်တွေကိုလည်း မြင်တွေ့ရပါတယ်။  ကမ္ဘာလှည့် ခရီးသွားတွေရော ပြည်တွင်းခရီးသွားတွေပါ ရုပ်ပွားတော်များကို  လာရောက် ဖူးမြော်ကြပြီး လှေပြိုင်ပွဲကိုလည်း လာရောက်အားပေးကြတာ  လှေပေါင်း ရာနဲ့ချီရှိပါတယ်။ ညောင်ရွှေမြို့မှာ ( ၃ ) ရက်တိုင်တိုင် ဘုရားကြိမ်းပြီး အပူဇော်ခံပါတယ်။ ညောင်ရွှေမြို့မှာလည်း ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါသေးတယ်။ နောက် တောင်ဘက်အရပ််ကို ဒေသစာရီ ကြွပြီး အောက်တိုဘာ ( ၁၀ )ရက်နေ့မှာ ကျောင်းတော်ကို ပြန်ဝင်ပြီး ကျောင်းတော်ဝင်ပွဲကိုလည်း စည်ကားစွာကျင်းပကြပါသေးတယ်။


တစ်နှစ်မှာ တစ်ခါ ၊ တစ်ခါမှာ  သီတင်းကျွတ်လမှာသာ ကျင်းပတဲ့  အင်မတန်ထူးခြားလှတဲ့ ဘုရားပွဲတော်နဲ့ လှေပြိုင်ပွဲကို တစ်ခေါက်လောက်တော့ ဆင်နွှဲစေချင်တာကြောင့် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။