ezStay blog

ကိုယ့်ရဲ့ခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ကြိုတင်ပြင်ဆင်ရမယ့် အချက်(၁၀)ချက်

31 Aug 2017

ခရီးတစ်ခုထွက်တော့မယ်ဆို စီစဉ်ရတာတွေ ၊ စဉ်းစားရတာတွေက အင်မတန်များပြားလှပါတယ်။ ဒါကြောင့် အလုပ်ပိတ်ရက် ကျောင်းပိတ်ရက်တွေနဲ့ အားလပ်ရက်တွေမှသာ ခရီးထွက်ကြရတာပါ။ အဲ့ဒီလို ရှားရှားပါးပါး ခရီးသွားရတဲ့ အချိန်လေးမှာ အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင်ခရီးသွားနိုင်ဖို့ ပြင်ဆင်ရမယ့် အချက် (၁၀) ချက်ကိုပြောပြပေးချင်ပါတယ်။

(၁) ကိုယ်သွားချင်တဲ့ နေရာကို အရင်ဆုံးစဉ်းစားပါ။

ပထမဆုံးကိုယ်ဘယ်ကိုသွားမလဲ အရင်စဉ်းစားပါ။ ကိုယ်သွားမယ့်နေရာရဲ့ ရာသီဥတု အခြေအနေ ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ ကို အမြဲလေ့လာထားပြီး ကြိုတင်ပြင်ဆင်ထားပါ။

(၂) လည်ပတ်စရာတွေ ဘာတွေရှိလဲ ကြိုတင်ရှာဖွေထားပါ။

ကိုယ်သွားမယ့်နေရာမှာ ဘာတွေလည်ပတ်စရာရှိလဲဆိုတာ Google၊ Facebook တို့ကနေ အထင်ကရနေရာတွေ ၊ နောက် လူသိပ်မသိတဲ့ ကိုယ်သွားချင်တဲ့ နေရာတွေ ရှာထားပါ။ နောက် Travel blogger တွေ ဘယ်လို သွားတယ်ဆိုတာတွေ လေ့လာပြီး ကိုယ်နဲ့သင့်တော်မယ့် အစီအစဉ်တခု ကြိုတင်ရေးဆွဲထားပါ။


(၃) Budget ကြိုတွက်ထားပါ။

ဟိုတယ် ၊ ကား ၊ စားစရာ နဲ့ လည်ပတ်ဖို့တွေ အတွက် Budget ကြိုတွက်ထားပါ။ လက်ဆောင်တွေ ဘာတွေ ၀ယ်ချင်ရင်လည်း ငွေကို တခါတည်း ကြိုတွက်သွားတာ ပို အဆင်ပြေစေပါတယ်။

(၄) ဟိုတယ် ၊ ကား ကြိုတင် booking လုပ်ထားပါ။

ဟိုတယ်ဈေးနှုန်းတွေကို online booking website တွေမှာ စုံစမ်းလို့ရပါတယ်။ သွားလို့ အဆင်ပြေမယ့်နေရာနဲ့ ဈေးတန်တဲ့ ဟိုတယ်တွေကို online booking website တွေမှာ ကြည့်ပြီး တခါတည်း booking ကြိုတင်ထားပါ။

အနီးကပ်မှ ဟိုတယ်ရှာရင် စျေးနှုန်းကြီးပြီး အခန်းမရတာတွေ ဖြစ်တတ်လို့ပါ။

ကားနဲ့သွားမှာလား ၊ ရထားနဲ့ သွားမှာလား ကြိုတင်စဉ်းစားပါ။ ကားနဲ့သွားမယ်ဆိုရင်လည်း online ကနေ လက်မှတ်ကြိုဝယ်ထားလို့ရနေပါပြီ။

(၅) ကိုယ်ရောက်မယ့် အချိန်ကို မှန်းဆပြီး အရင်လည်ပတ်ရမယ့်နေရာတွေ စီစဉ်ထားပါ။

မနက်စောစောရောက်မယ်ဆို အဲ့နေ့ တနေကုန်လည်ဖို့ အတွက် ကား ၊ ဆိုင်ကယ် အစရှိတာတွေကို ဟိုတယ်တွေကို တခါတည်း ငှားခိုင်းထားပါ။ ဒါမှသာ ရောက်ပြီး ခဏနားပြီးတာနဲ့ တခါတည်း စီစဉ်ထားတဲ့ အတိုင်းလည်ပတ်နိုင်မှာဖြစ်ပြီး အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ 

(၆) စားသောက်ဆိုင်တွေ ကြိုတင်လေ့လာသွားပါ။

သွားရောက်လည်ပတ်တဲ့ ဒေသမှာရှိတဲ့ ဒေသခံအစားအစာတွေကို ကြိုတင်လေ့လာထားပါ။ ဒါကတော့ Travel blogger ၃ ယောက် ၄ ယောက်လောက် page ကနေ ပြောပြထားတဲ့ နာမည်ကြီးဆိုင်တွေ ၊ စားကောင်းမယ့် ဆိုင်နဲ့ လိပ်စာတွေ ရေးမှတ်သွားပါ။ ကိုယ်စားချင်တဲ့ ဆိုင်ကို တခါတည်း ကားသမားဖြစ်ဖြစ်၊ ကိုယ့်ဘာသာ သိရင်လည်း လိပ်စာ အတိုင်းတခါတည်း သွားစားတော့ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ အဓိက ကတော့ ဒေသအစားအစာတွေကို မြည်းစမ်းကြည့်ဖို့ပါပဲ။

(၇) လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားပါ။

လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကို တပတ်လောက်အလိုတည်းက စာရင်းရေးမှတ်ပြီး ကြိုတင်ထည့်ထားပါ။ နောက် ကင်မရာနဲ့ power bank ကိုတော့ မမေ့မလျော့ ယူကိုယူသွားပါ။ ဒါမှ စိတ်ကြိုက် photo တွေ ရိုက်နိုင်မှာဖြစ်ပါတယ်။ သွားမယ့်နေ့မှ ထည့်မယ်ဆိုရင် လောပြီး ဟိုဟာကျန် ဒီဟာကျန်နဲ့ စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဒါကြောင့် စာရင်းမှတ်ပြီးကြိုတင်ပြင်ဆင်ထားပါ။


(၈) ကိုယ်နဲ့သွားမယ့်သူတွေကိုလည်း ပြင်ဆင်ခိုင်းထားပါ။

တယောက်တည်းသွားရင် ကိစ္စမရှိပေမယ့် အဖွဲ့နဲ့သွားရင်က တခြားသူ တခုခု ကျန်ခဲ့တာနဲ့ ခရီးစဉ်က နှောင့်နှေးတတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့အတူ ခရီးသွားမယ့်သူတွေကိုလည်း သေချာပြင်ဆင်ခိုင်းထားပါ။ ဟိုတယ်ဘိုကင်တင်ဖိို့တွေ၊ ကားလက်မှတ်ဝယ်ဖို့တွေနဲ့ တခြားလုပ်စရာရှိတာတွေကို တာဝန်ခွဲပြီးဆောင်ရွက်ပါ။ 

(၉) ခရီးမသွားခင်နေ့တွေမှာ အိပ်ရေးအပျက်မခံပါနဲ့။

ခရီးသွားရင် တောက်လျှောက်လည်ပတ်ရမှာမလို့ ခရီးမသွားခင်ရက်တွေမှာ ကျန်းမာရေးဂရုစိုက်ပါ။ အိပ်ရေးပျက်မခံပါနဲ့။ ဒါမှ လန်းဆန်းတက်ကြွပြီး ကောင်းကောင်းလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

(၁၀) ခရီးထွက်မယ့်နေ့ စောစောကြိုထွက်ပါ။

ခရီးထွက်မယ့်နေ့ ကားဂိတ် ၊ ရထားဂိတ်ကို စောစောကြိုသွားပါ။ ဒါမှ စိတ်မပူပန်ရဘဲ အေးအေးဆေးဆေးနဲ့ ခရီးစဥ်ကို စတင်နိုင်မှာပါ။

ကဲဒီလောက်ဆိုရင်တော့ ခရီးတခုသွားဖို့ အဆင်ပြေလောက်ပြီ ထင်ပါတယ်။ ခရီးသွားမယ့်သူလေးတွေ အားလပ်ရက်လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ အသုံးချနိုင်ဖို့ သင့်တော်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ခရီးစဉ်အတွင်း တစ်ခုခု မှားယွင်းချွတ်ချော်ခဲ့ရင်လည်း စိတ်မပျက်ပါနဲ့။ ကိုယ့်အချိန်တွေကို အလဟဿမဖြစ်စေပဲ ရနိုင်သ၍  ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ဖန်တီးပါ။