ezStay blog

သီတင်းကျွတ်ပိတ်ရက်မှာသွားသင့်တဲ့နေရာ (၄ ) နေရာ

04 Sep 2017

"မိိုးလေကင်းလွတ်သီတင်းကျွတ်" ဆိုတဲ့ အတိုင်း ၀ါတွင်းသုံးလ ပြီးဆုံးပြီး သီတင်းကျွတ်ပိတ်ရက်ကြီး လာပါတော့မယ်။ မြို့တိုင်းမြို့တိုင်း ၊ နယ်တိုင်းနယ်တိုင်းမှာ မီးရှူးမီးပန်းတွေ ၊ ဆီမီးတွေနဲ့ ပါ၀င်ဆင်နွှဲမယ့် မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်ပွဲတော်ကြီး မကြာမီရောက်ရှိလာပါတော့မယ်။ ကျေင်းသားတွေလည်း ပထမ အစမ်းစာမေးပွဲ ကြီးပြီးဆုံးချိန် ၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေလည်း စာမေးပွဲတွေ ဖြေအပြီး ရုံးသမားတွေလည်း ပိတ်ရက်လာပြီဆိုတော့ စိတ်အပန်းဖြေရမယ့် ပွင့်လင်းရာသီမှာ အပန်းဖြေဖို့ ခရီးထွက်ဖို့ စီစဉ်ရတော့မှာပေါ့။ ခရီးထွက်မယ်ဆိုတာ ပြောတော့သာလွယ်တာ ၊ သွားတော့မယ်ဆို ဘယ်ကို သွားကြမှာလဲ ။ သွားမယ့်နေရာရဲ့ ရာသီဥတု အခြေအနေ ၊ အစားအသောက် ၊ ခုဆို နိုင်ငံရေး အခြေအနေတွေပါ ထည့်စဉ်းစားရတာမလို့ အစစအရာရာ ကြိုတင်ပြင်ဆင်ရပါတယ်။

ခရီးသွားတယ်ဆိုတာ ကိုယ်နဲ့မရင်းနှီးတဲ့ အစားအစာ ၊ ယဉ်ကျေးမှု ၊ ဓလေ့စရိုက်တွေကို သိမြင်နိုင်ပြီး စိတ်လန်းဆန်းတက်ကြွရုံသာမက အတွေ့အကြုံ ဗဟုသုတတွေ တိုးစေမယ့် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ အားလပ်ချိန်လေးကို အကောင်းဆုံး အသုံးချကာ ပိတ်ရက်လေးရှိတာနဲ့ ခရီးသွားဖို့စီစဉ်ကြရတာပေါ့။ ခုလည်း ပိတ်ရက်လေးကို ကောင်းကောင်း အသုံးချနိုင်ဖို့ သီတင်းကျွတ်ပိတ်ရက်မှာ သွားဖို့ အသင့်တော်ဆုံး နေရာ ( ၄ ) နေရာကို ဖော်ပြပေးချင်ပါတယ်။

(၁) တောင်ကြီး ၊ အင်းလေး ၊ ကလော


ပထမဆုံး ပိတ်ရက် ၂ ရက်နဲ့ သွားရင် အစုံ မရောက်နိုင်တဲ့ တောင်ကြီး ၊ အင်းလေး ၊ ကလောကို အစုံရောက်အောင် သီတင်းကျွတ်ပိတ်ရက်မှာ သွားဖို့ အသင့်တော်ဆုံးပါပဲ။ကြည်လင်နေတဲ့ မိုးသားကောင်းကင်နဲ့ တောင်တန်းတွေ ကြားက ရှမ်းရိုးမတောင်တန်းကြီးကို မြင်ရတာကိုက စိတ်ငြိမ်းချမ်းမှုကို ခံစားရစေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၁၂ ပေ အမြင့်မှာရှိတဲ့ ရှမ်းပြည်တောင်ပိုင်းရဲ့မြို့တော် တောင်ကြီးမြို့ကြီးက ခမ်းနားစွာ ကြိုဆိုနေပါလိမ့်မယ်။ အေးချမ်းတဲ့ အငွေ့အသက်လေးတွေနဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ဖော်ရွေမှုတွေကြောင့် စိတ်ကို ကြည်နူးရစေပြန်ပါတယ်။ သမိုင်းဝင်ဘုရားတွေ သဘာဝ ထမ့်စန်းဂူ စတဲ့ တောင်ကြီးမှာတင် လည်ပတ်စရာ နေရာတွေက အလွန်ပေါပြီး အနီး အနားမှာလည်း အင်းလေး ကလောကို သွားရဦးမှာ ၊အင်းလေးမှာလည်း ဖောင်တော်ဦးဘုရားပွဲတော်၊ ကလော ရောက်ပြီဆိုလည်း Trekking က တစ်ရက် ထွက်ရဦးမယ်ဆိုတော့ သီတင်းကျွတ်ပိတ်ရက်က အသင့်တော်ဆုံးပါပဲ။

တောင်ကြီးကို တန်ဆောင်တိုင်သွားမယ်ဆို လူအရမ်းစည်ပြီး ဟိုတယ်တွေကလည်း ဈေး ၂ ဆ လောက်တက်ပါတယ်။

မီးပုံးပျံ အလှနဲ့ တောင်ကြီး တန်ဆောင်တိုင်မှ သွားချင်တဲ့ သူတွေ အတွက်သင့်တော်ပေမယ့် အေးအေးဆေးဆေး လည်ပတ်ချင်သူတွေ အတွက်ကတော့ ပိတ်ရက်မှာ လည်ပတ်တာက အကောင်းဆုံးပါပဲ။

(၂) ပုဂံ


မြန်မာတို့ နှလုံးသားထဲက ပုဂံကတော့ ဘယ်အချိန်သွားသွား ပြန်သွားချင်တဲ့ နေရာပဲဖြစ်ပါတယ်။ အခုလို ပွင့်လင်းရာသီမှာတော့ ပုဂံရဲ့ အလှတရားက ပန်းချီဆရာ ၊ ဓါတ်ပုံဆရာတွေ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန် အခါကောင်းပါ။ မိုးနည်း ဒေသဖြစ်တဲ့ ပုဂံဟာ ခုလို သီတင်းကျွတ်အခါသမယမှာတော့ မိုး မရွာသလောက်ရှားပြီး ထနောင်းပင်တွေ ကြား ၊ ပြာလဲ့နေတဲ့ ကောင်းကင်ကြီးအောက်က စေတီ ၊ ပုထိုး ပုံစံ အမျိုးမျိုးကို မြင်တွေ့ရတာကိုက စိတ်ကြည်နူးမှုကို အပြည့်အဝ ခံစားရစေမှာပါ။

သီတင်းကျွတ်လပြည့်နေ့မှာဆိုရင် ရွှေစည်းခုံ ၊ အာနန္ဒာ စတဲ့ ဘုရားတွေမှာ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပြီး ဘုရားရှင်ကို ကြိုဆိုကြပါတယ်။

မိုးသားကင်စင်ပြီး ကြယ်လေးတွေတောက်ပနေတဲ့ ကောင်းကင်ကြီးအောက်မှာ ဆီမီးတွေနဲ့ အလွန်သပ္ပာယ်လှတဲ့ စေတီ ပုထိုးပေါင်းများစွာနဲ့ မြန်မာတို့ရဲ့ ပုဂံ အလှတရားကို မြင်ရတာက စိတ်ကြည်နူးအေးချမ်းစေကာ အလွန်ကို ကြည်ညိုစရာကောင်းလှပါတယ်။

မနက်စောစောထပြီး စွယ်တော်လေးဆူ ဖူးမယ်။ နောက် E-Bike လေးနဲ့ ပုဂံဘုရားတွေ ဖူးပြီး အညာဒေသ အစားအစာတွေ လျှောက်စားမယ်။ ပြီးရင် ယွန်းထည် လုပ်ငန်းတွေ ရှေးဟောင်း ဗိသုကာ လက်ရာတွေကို လေ့လာမယ်။ "လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း" လို့ ဆိုတဲ့အတိုင်း အချိန်ရရင် ရသလောက် ပုဂံဘုရားတွေက လေ့လာလို့ မကုန်နိုင်ပါဘူး။ မိုးသားတိမ်စိုင်တွေ ကင်းစင်နေတဲ့ ကောင်းကင်မှာ မနက်စောစော ဧရာဝတီမြစ်ကမ်းနံဘေး ပုဂံဘုရားတွေ ကြားက နေလုံးကြီး ထွက်လာတဲ့အလှကို ခံစားရတာကိုက တခြားရာသီတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ခံစားရစေတာပါ။

(၃) မေမြို့( သို့မဟုတ် ) ပြင်ဦးလွင်


ဘယ်အချိန် သွားသွား ၊ ဘယ်နှစ်ခါသွားသွား စိတ်ကြည်နူးမှုကို ခံစားရစေမယ့် မြို့လေးကတော့ ပြင်ဦးလွင်မြို့လေးပဲ ဖြစ်ပါတယ်။ ပိတ်ရက်မှာ မိသားစုလိုက်ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းအုပ်စုလိုက်တွေပဲ ဖြစ်ဖြစ် အပန်းဖြေခရီးပုံစံ ပျော်ပွဲစား ပုံစံလေးသွားချင်ရင်တော့ ပြင်ဦးလွင်က အသင့်တော်ဆုံးပါပဲ။ ချယ်ရီပန်းလေးတွေနဲ့ အမြဲ လှပနေပြီး ရာသီဥတုက အမြဲ အေးချမ်းသာယာနေတာကြောင့် စိတ်အေးချမ်းမှုကို ခံစားရစေပါတယ်။ ကန်တော်ကြီးမှာပဲ ပန်းပင်တွေကြား အပန်းဖြေမလား ၊ ပွဲကောက်သွားပြီးပဲ ရေဆော့မလား ၊ ရေတံခွန်တွေဆီပဲသွားပြီး တောတောင်အလှ ခံစားမလား ကြိုက်တဲ့ နေရာမှာ စိတ်ကြိုက်အပန်းဖြေလို့ရပါတယ်။ သဘာဝ လိုဏ်ဂူ ၊ ရေတံခွန်တွေ ၊ ရှားပါး ပန်း အလှ ပေါင်းစုံနဲ့ ဖမ်းစားနေတဲ့ တောင်ပေါ်မြို့လေးမှာ အားလပ်ရက်လေးကို ပျော်ပျော်ရွှင်ရွှင် သွားရောက် ကုန်ဆုံးလိုက်ပါ။ သင့်အတွက် စိတ်ကြည်နူးမှုတွေကို ခံစားရစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်။

(၄) ချောင်းသာ


ကမ်းခြေမှ ကမ်းခြေ ၊ ရေကူးရတာပဲ ကြိုက်တယ် ၊ ရေကို ပဲ ချစ်တယ် ၊ ရေကိုပဲ မြတ်နိုးတယ် ဆိုသူတွေ အတွက် ချောင်းသာကမ်းခြေက အသင့်တော်ဆုံးပါပဲ။ သွားရလာရတာလည်း လွယ်ကူပြီး အရမ်းလည်း မဝေးတာကြောင့် ခရီးပန်းမှာတွေ ဘာတွေ လည်း မစိုးရိမ်ရပါဘူး။ ပွင့်လင်းရာသီ ဖြစ်တာကြောင့် မိုးရွာမှာတွေ ဘာတွေလည်း အရမ်းမစိုးရိမ်ရပဲ စိတ်ကြိုက် ရေကစားလို့ ရပါတယ်။ ကမ်းခြေမှာ အုန်းရည်လေး သောက်လိုက် ၊ ဘောကွင်းလေး ကိုင်ပြီး ရေဆော့လိုက် ၊ လတ်ဆတ်တဲ့ ပင်လယ်စာလေးတွေကို စားလိုက်နဲ့ စိိတ်ကို Relax ဖြစ်စေမှာတော့ အမှန်ပါပဲ။ ညနေခင်းလေးမှာ ကမ်းခြေ နဲ့ လိုက်ဖက်တဲ့အင်္ကျီလေးတွေ ၀တ် ၊ ပုဝါလေးကိုင် ၊ မျက်မှန်လေးတွေနဲ့ ပင်လယ်ကြီးကို နောက်ခံထားပြီး အလန်းစား photo လေးတွေ ရိုက်ပြီး ကမ်းခြေမှာ လမ်းလျှောက်လို့ရပါတယ်။ မြင်းလည်း စီးလို့ရသလို လေးဘီး ဆိုင်ကယ်လေးတွေလည်း စီးလို့ရတာမလို့ ကမ်းခြေမှာ စိတ်ကြိုက်ကဲလို့ရပါတယ်။

ညဘက် မှာဆိုလည်း မီးပုံပွဲလေးတွေ ဘေးမှာ ဂစ်တာလေးတွေတီး၊ သီချင်းတွေ အုပ်စုလိုက်ဆို မီးရှူးမီးပန်းတွေ ဖောက် ၊ အကင်တွေ စား အရမ်းကို ပျော်စရာကောင်းပြီး စိတ်ပင်ပန်းမှုမှန်သမျှ ပြေပျောက်ပြီး စိတ်သစ်လူသစ်ခံစားရစေမှာတော့အမှန်ပါပဲ။

သီတင်းကျွတ်ပိတ်ရက်ကို ဒေသန္တရ ဗဟုသုတတွေလည်းတိုး စိတ်လည်း အပန်းပြေစေဖို့ ဘယ်သွားသင့်လဲ စဉ်းစားရ ခက်နေသူတွေအတွက် ရွေးချယ်လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။