ezStay blog

ပုဂံမှာ လုပ်သင့်တဲ့ အတွေ့အကြုံ (၆)ခု

30 Aug 2017
ပုဂံမှာ နေဝင်၊ နေထွက်အလှကို ကောင်းကောင်းကြီး ခံစားမယ်။


ဘော်ဒါတို့ ပုဂံကို ရောက်ပြီဆိုရင်တော့ တန့်ကြည်တောင်ကြီးရဲ့ အနောက်ဘက်မှာ နေလုံးကြီး ဝင်သွားတဲ့ အလှကို ပုဂံဘုရားတွေပေါ်ကနေ ရှုစားနိုင်ကြသလိုပဲ နေထွက်ချိန်အလှကိုလဲ အိပ်ယာစောစောလေးထပြီး သွားရောက်ကြည့်ရှုသင့်ပါတယ်။ အိပ်ရေးလေးနဲနဲပျက်ပေမယ့် အိပ်ရေးပျက်တာနဲ့ တန်အောင်ကို အလွန်လှပတာမလို့ပါ။ နောက်ဆိုရင်လဲ ပုဂံဘုရားတွေပေါ်ကနေ နေဝင်၊ နေထွက်ချိန် ကြည့်ရှုခွင့်ကို ပိတ်ပစ်တော့မှာဆိုတော့ အခုအချိန်မှာပဲ ရရှိနိုင်တဲ့ အတွေ့အကြုံလေးဆိုတော့ ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားဖို့ကို မမေ့နဲ့နော်။

စွယ်တော်လေးဆူကို မွန်းမတည့်ခင် ဖူးမယ်။


ဘယ်တုန်းက စခဲ့တယ်ဆိုတာ မသိရပေမယ့် အခုအချိန်မှာ ချစ်စရာအလေ့အထလေးဖြစ်နေတာကတော့ ပုဂံမှာ ရှိတဲ့ စွယ်တော်လေးဆူကို မွန်းမတည့်ခင်မှာ အပြီးဖူးရတာပါ။ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တူရွှင်းတောင်၊ တန့်ကြည်တောင် ဘုရားများကို နေ့ခင်း ၁၂ နာရီမထိုးခင်မှာ အပြီးဖူးရပြီး တစ်ခုတည်းသော တူညီတဲ့ ဆုကိုပဲ တောင်းရတာပါ။ အဲ့ဒီလိုလုပ်နိုင်တယ်ဆိုရင်တော့ ဆုတောင်းပြည့်တယ်လို့ ဆိုကြတာပေ့ါ။ ယခင်ခေတ်က ကားတွေ၊ စက်လှေတွေမရှိခင်က ခက်ခဲလွန်းတဲ့အတွက် မဖြစ်နိုင်ခဲ့ပေမယ်။ အခုခေတ်မှာတော့ တော်တော်လေးကို လွယ်ကူနေပါပြီ။ ဒါပေမယ့် အိပ်ယာစောစောထရပြီး မနက်စောစောမှာ တောင်တွေပေါ်ကနေ ရှုခင်းတွေကြည့်ရတာလဲ ပျော်စရာတစ်ခုပါ။ သူငယ်ချင်းတွေနဲ့ ခရီးသွားရင် စိန်ခေါ်မှုတစ်ခုလို သဘောထားပြီး မွန်းမတည့်ခင်မှာ ကြိုးစားကြည့်သင့်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ စွယ်တော်လေးဆူက တသီးတခြားစီ ရှိတာဆိုတော့ ဘော်ဒါတို့အနေနဲ့ ကားစီးရမယ်။ စက်လှေစီးရမယ်။ တောင်တက်ရမယ်။ အဲ့ဒီတော့ တစ်မနက်ထဲနဲ့ အတွေ့အကြုံတွေ အများကြီးရတာပေ့ါ။

ယွန်းလက်မှုပညာကို လေ့လာရင်း ယွန်းပစ္စည်းလေးတွေ ဝယ်ကြမယ်။


ပုဂံကို ရောက်ပြီး လက်ဆောင်ပစ္စည်းအနေနဲ့ ဝယ်မယ်ဆိုရင်တော့ ပုန်းရည်ကြီးနဲ့ ယွန်းပစ္စည်းလေးတွေပါပဲ။ ယွန်းပစ္စည်းလေးတွေကဆိုရင် ပုဂံရဲ့ အမှတ်အသားတစ်ခုဖြစ်သလို မြန်မာတို့ရဲ့ လက်မှုပညာဆိုရင်လဲမမှားပါဘူး။ ယွန်းပစ္စည်းလေးတွေကို လက်ဆောင်ပေးဖို့အတွက် ဝယ်ယူသင့်သလို အဲ့ဒီယွန်းပစ္စည်းလေးတွေကိုပဲ ဒေသခံတွေအနေနဲ့ ဘယ်လိုတွေ ပြုလုပ်သလဲဆိုတာကို လေ့လာလို့ရပါတယ်။ ဘော်ဒါတွေ သွားပြီးလေ့လာလို့ ရအောင် ယွန်းပစ္စည်းအလုပ်ရုံတွေကို အောက်မှာဖော်ပြပေးလိုက်တယ်နော်။


၁။ ဦးဘညိမ် ယွန်းအလုပ်ရုံ

၂။ Lotus House

၃။ Bagan House

၄။ Jasmine Family Lacquerware Workshop

၅။ Myat Mon Lacquerware Workshop

ရေဆေးပန်းချီ ယာယီတက်တူးလေးတွေ ထိုးမယ်။


ဒီဟာကတော့ ဘော်ဒါတွေကို ပြောနေဖို့တောင် မလိုလောက်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မရှိခဲ့ပေမယ့် အခုခေတ်စားလာတဲ့ အတွေ့အကြုံကို ပြောပါဆိုရင်တော့ ပုဂံမှာ ယာယီတက်တူးလေးတွေကို ရေဆေးနဲ့ လက်ပေါ်မှာထိုးကြတာပါ။ သူငယ်ချင်းအုပ်စုလိုက်သွားကြတဲ့သူတွေအတွက် ပုဂံဒီဇိုင်းလေးတွေကို လက်ပေါ်မှာ ဆွဲပြီး ဓာတ်ပုံရိုက်ရတာလဲ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ အခုဆိုရင် ပုဂံရဲ့ နေရာအနှံ့မှာ ယာယီတက်တူးထိုးတဲ့ နေရာလေးတွေ ရှိနေပြီး သစ်ရိပ်ဝါးရိပ်အောက်မှာ အေးအေးဆေးဆေးလေး တက်တူးလေးတွေ ထိုးပြီး ဓာတ်ပုံရိုက်လို့လဲ ရနေပါပြီ။ ဒီအတွေ့အကြုံလေးကတော့ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ပံ့ပိုးပေးသလိုဖြစ်တာကြောင့် တက်တူးလေးတွေထိုးပြီး ဒေသခံတွေကို အားပေးဖို့အတွက် ဘော်ဒါတို့ကို တိုက်တွန်းပါတယ်နော်။

E-bike နဲ့ ပုဂံမှာ လည်လည်ပတ်ကြမယ်။


ဒါကတော့ အရင်က နိုင်ငံခြားသားလည်ပတ်သူတွေအတွက် စပြီးအသုံးပြုခဲ့ပေမယ့် အခုအခါမှာတော့ မြန်မာနိုင်ငံသားတွေအတွက်ပါ အဆင်ပြေနေတဲ့ E-bike ပါပဲ။ ကားနဲ့ လည်ပတ်သလို စျေးနှုန်းလဲ မကြီးပဲ ရပ်ချင်တဲ့ အချိန်ရပ်၊ သွားချင်တဲ့အချိန်သွားပြီး အေးအေးဆေးဆေးနဲ့ လည်ပတ်လို့လဲ ရတာကြောင့် လူကြိုက်များလာကြတဲ့ အတွေ့အကြုံတစ်ခုပဲ ဖြစ်ပါတယ်။ ချစ်သူလေးကို နောက်ကတင်ပြီး E-bikeနဲ့ လည်မလား။ သူငယ်ချင်းတွေနဲ့ပဲ အုပ်စုလိုက် E-bikeတွေနဲ့ လည်မလား။ ဘယ်လိုပဲ လည်လည် ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဆိုတာကတော့ မမှားပါဘူး။ အဲ့ဒါကြောင့် ဘော်ဒါတွေအနေနဲ့လည်း ပုဂံရောက်ရင် E-bike တော့ စီးဖြစ်အောင် စီးဖို့ တိုက်တွန်းပါတယ်။

ထန်းရည်ဆိုင်ကို ဒိုးကြမယ်။


အချိုသောက်မလား၊ အခါးသောက်မလား မိတ်ဆွေ။ ပုဂံမှာတော့ ထန်းရည်စစ်စစ်ကို လယ်ကြွက်ကြော်၊ ဖားကြော်၊ ဗမာကြက်ကြော်တွေနဲ့ မြည်းရတာ နတ်စည်းစိမ်ပါပဲ။ ထန်းရည်ကလဲစစ် အမြည်းတွေကလဲ အရသာ ရှိရှိဆိုတော့ အရမ်းကို လက်မလွတ်လိုက်သင့်တဲ့ အတွေ့အကြုံတစ်ခုပါ။ မိန်းကလေးတွေအနေနဲ့လဲ ထန်းရည်အချိုသောက်လို့ ရသလို၊ အဆီအနှစ်ပြည့်တဲ့ ဗမာကြက်ကြော်၊ လယ်ကြွက်နဲ့ ဖားတွေကို မြည်းကြည့်ကြဖို့ တိုက်တွန်းပါတယ်နော်။