ezStay blog

ကျောက်ဆည်မြို့မှထူးခြားတဲ့ ဆင်အကအလှပွဲတော်

11 Sep 2017

ထူးထူးခြားခြားပွဲလေးတွေကိုမှ စိတ်ဝင်စားတဲ့ သူတွေအတွက် နီးနီးနားနားသီတင်းကျွတ်လမှာ ဘာပွဲလေးတွေရှိလည်းဆိုတာ ရှာဖွေကြည့်လိုက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲလေးကို ထပ်တွေ့ပြန်ရော ။ မြန်မာနိုင်ငံမှာက ( ၁၂ ) လရာသီပွဲတော်တွေ အပြင် ထူးခြားတဲ့ ပွဲလေးတွေလည်း များစွာ ရှိတာမလို့ ရှာဖွေလေ တွေ့ရှိလေကို ဖြစ်နေတော့တာပါပဲ။ ကဲခု ပွဲတော်လေးကတော့ မြန်မာတို့ရဲ့ အညာဒေသက ကျောက်ဆည်မြို့မှာ ကျင်းပတဲ့ ဆင်အကအလှပွဲတော်ပဲဖြစ်ပါတယ်။ ကျောက်ဆည်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့မြို့လေးတစ်မြို့ပါ။ ရှေးပုဂံခေတ်က ကျောက်နဲ့ တည်ဆောက်ထားတဲ့ ဆည်ကြီးများ တည်ရှိရာ အရပ်ကို အစွဲပြုပြီး ကျောက်ဆည်လို့ ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ ကျောက်ဆည်မြို့ဟာဆိုရင် ကုန်းဘောင်ခေတ်ကစတင်ပြီး မြို့ဝန်ရာထူးတွေ ထားရှိအုပ်ချုပ်စေခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ သီပေါမင်းလက်ထက်မှာဆိုရင် နောက်ဆုံးကျောက်ဆည်ဝန် ဗိုလ်မြတ်မှုံဟာ နယ်ချဲ့ အင်္ဂလိပ်တွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကျောက်ဆည်ဇာတိ ထင်ရှားခဲ့တဲ့သူတွေကတော့ ရုပ်သေးမင်းသမီးအမေပု( တဘက်ဆွဲ ) နဲ့ တိုင်းချစ်သခင်သိန်းဖေတို့ပဲဖြစ်ပါတယ်။ နောက် ကျောက်ဆည်မြို့အနီးမှာဆိုရင် ၉၇၅ ပေအမြင့်ရှိတဲ့ ရွှေသာလျောင်းတောင်ရှိပြီး ရွှေသာလျောင်းစေတီတော်နဲ့ရွှေမုဌောစေတီတော်တို့ဟာထင်ရှားကျော်ကြားလှပါတယ်။


ကျောက်ဆည်မြို့ရဲ့ဆင်အကအလှများဟာဆိုရင်လည်းရှေးအခါကာလကပင်ကျော်ကြားခဲ့တဲ့အကအလှများဖြစ်ပါတယ်။

ကျောက်ဆည်မြို့ရဲ့ကျော်ကြားလှတဲ့ ဆင်အကအလှပွဲတော်ကို ကျင်းပမယ့် အချိန်ကျရောက်လာပါတော့မယ်။ ဆင်အကအလှပွဲတော်ကို ပါ၀င်ဆင်နွှဲလိုသူတွေအတွက် ခုကတည်းက ပြင်ဆင်ထားလို့ရအောင်ပြောပြပေးချင်လို့ပါ။ ဆင်အကအလှပွဲတော်ဆိုတာ တစ်ကယ့်ဆင်ကြီးတွေ ကပြတဲ့ပွဲတော့ မဟုတ်ပါဘူး။  ၀ါး ၊ စက္ကူစတဲ့ ပစ္စည်းတွေနဲ့ အလှဆင်ထားတဲ့ ဆင်ရုပ်ထဲမှာ လူနှစ်ယောက် ၀င်ပြီး ပုံဖော်ကပြတဲ့ပွဲပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရာမြောက်လှတဲ့ ဆင်ရုပ်ကြီးတွေနဲ့ စနစ်တကျ အကွက်ဖော် ကပြတဲ့ လူတွေရဲ့ သေသပ်လှပတဲ့ ကကွက်တွေကြောင့် တကယ့် ဆင်ကြီးတွေ ကပြနေသလိုကို အင်မတန်ကြည့်လို့ ကောင်းတဲ့ပွဲတော်ဖြစ်ပါတယ်။  အိုးစည် ၊ ဗုံသံတွေနဲ့လိုက်ဖက်စွာ တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူညီတဲ့ ပုံဖော်ကပြမှုတွေနဲ့  ကြည့်ရှုသူတိုင်းကို ဟာ ခနဲ ၊ ဟင် ခနဲ ဖြစ်သွားအောင် ဆွဲဆောင်နိုင်လွန်းတာကြောင့် ခေတ်အဆက်ဆက်ကျော်ကြားခဲ့ခြင်း  ဖြစ်ပါတယ်။  မြို့ကို ပတ်ပြီး ကပြဖျော်ဖြေပြီးတဲ့နောက် ရွှေသာလျောင်းတောင်ခြေကို သုံးပတ်ပတ်ပြီး ရွှေသာလျောင်းဘုရားကြီးကိုဂါရဝပြုဖူးမြော်ကြရပါတယ်။ ထူးခြားတဲ့ ကကွက်ဆန်းတွေနဲ့ ဖျော်ဖြေကြပြီး အလှဆုံးအဖွဲ့ကိုဆုတွေလည်းပေးပါသေးတယ်။


ရှေးယခင်မြန်မာဘုရင်တွေလက်ထက်ကတည်းက သဘောကျနှစ်ခြိုက်ခဲ့တဲ့ ဆင်အကအလှပွဲတော်ကို နှစ်စဉ်သတင်းကျွတ်လပြည့်နေ့မှာကျင်းပလေ့ရှိပါတယ်။

 ခု သီတင်းလဲကျွတ်တော့မှာဆိုတော့  မန္တလေးကို အလည်အပတ်သွားရင်း အလှမ်းမဝေးလှတဲ့ ကျောက်ဆည်မြို့က မြန်မာတို့ရဲ့ဂုဏ်ယူစရာ ဆင်အကအလှပွဲတော်ကို ပါ၀င်ဆင်နွှဲလိုသူတွေအတွက် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။