ezStay blog

စွယ်တော်လေးဆူကို မနက် ( ၁၂ ) နာရီ အတွင်းဘယ်လို ဖူးမလဲ။

31 Aug 2017

အနော်ရထာမင်းတရားကြီး တည်ခဲ့တဲ့ စွယ်တော်လေးဆူကို နေ့ချင်းမကူးပဲဖူးရင် ဆုတောင်းပြည့်တဲ့ အစဉ်အလာအရ နေ့ချင်းမကူးပဲ ဖူးကြပါတယ်။ ဟိုအရင်ကတော့ လမ်းပန်း ဆက်သွယ်ရေး မတိုးတက်သေးတာရယ်၊ တန့်ကြည့်တောင်စေတီက ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ ရှိတာမလို့ စွယ်တော် သုံးဆူကိုပဲ ဖူးဖြစ်ကြတာ များပါတယ်။ ခုခေတ်မှာတော့ သွားလာရ အလွန်လွယ်ကူနေတာမလို့ စွယ်တော်လေးဆူကို နေ့ချင်းမကူးပဲဖူးဖြစ်ကြပါတယ်။ ခုဆို စွယ်တော်လေးဆူမှာ ဆွမ်းကပ်ပြီး မနက် ( ၁၂) မထိုးခင် အပြီး ဖူးနေကြပါပြီ။ စွယ်တော်လေးဆူ ကို ဘာလို့ ဖူးကြတာလဲ ။ တချို့က ဆုတစ်ခုတည်း တောင်းရင်ပြည့်လို့ဖူးတယ်ပေါ့ ။ တချို့ရေလမ်းခရီး ကြောက်တဲ့သူတွေကလည်း ဘုရားတစ်ဆူတည်း ကျန်တာ မဖူးတော့ဘူးပေါ့ ။ ဒီဘက်မှာပဲ ကျန်တဲ့ ဘုရားတွေကို ပဲ လိုက်ဖူးတော့မယ်ပေါ့ အမျိုးမျိုးရှိကြပါတယ်။ သို့ပေမယ့်လည်း ပုဂံကိုသွားပြီ ဆိုရင်တော့ စွယ်တော်လေးဆူကို ဖူးဖြစ်အောင် ဖူးခဲ့ပါလို့ တိုက်တွန်းပါရစေ။

ရှင်အရဟံရဲ့ အကြံပေးချက်ကြောင့် အနော်ရထာမင်းကြီးတည်ခဲ့တဲ့ စွယ်တော်လေးဆူမှာ ထူးခြားချက်လေးတွေ ရှိတာမလို့ သမိုင်းအနည်းငယ်လေးကို ပြောပြပေးချင်ပါတယ်။

အသေးစိတ်ကတော့ ပုဂံရောက်မှ ကိုယ်ဖူးမြော်နေတဲ့ ဘုရားရှေ့မှာ သမိုင်း အကြောင်းတွေ နားထောင်ရတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ရွှေစည်းခုံစေတီ


အနော်ရထာမင်း အဓိဌာန်နဲ့ လွှတ်လိုက်တဲ့ ဆင်ဖြူတော်က ပုဂံ အရှေ့မြောက် အရပ်မှာ ၀ပ်တာကြောင့် စွယ်တော်ဌာပနာပြီး ရွှေစည်းခုံ စေတီတော်ကြီးကို တည်ခဲ့ပါတယ်။ ရွှေစည်းခုံစေတီတည်ရင်း အနော်ရထာမင်းကြီး နတ်ရွာစံလို့ကျန်စစ်သားမင်းဆက်တည်တယ်လို့ ပြောပေမယ့် တချို့က အနော်ရထာတည်ပြီးလို့ ကျန်စစ်သားက အပြင်က တစ်ထပ်ထပ်ငုံပြီး တည်တယ်လို့ လည်းပြောကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် ရွှေစည်းခုံ စေတီရောက်ရင် စေတီတော်ရဲ့ အံ့ဖွယ် ( ၉ ) ပါးကိုတော့ လေ့လာစေချင်ပါတယ်။ ဒါမှ စေတီတော်ရဲ့ ထူးခြားချက်ကိုသိပြီး ဖူးမြော်ရတာ ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာတွေလဲ ဆိုတာက အဲ့ က guide လေးတွေကို ရှင်းပြခိုင်းရင်ရပါတယ်။

တန့်ကြည့်တောင်


တန့်ကြည့်တောင်စေတီက ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတာမလို့ စက်လှေစီးပြီးသွားရတာကိုက ဘာကို လွမ်းလို့လွမ်းမှန်းမသိတဲ့ ခံစားချက်ကိုခံစားရစေပါတယ်။ ဟိုဘက်ကမ်းရောက်ရင်လည်း ကားနဲ့ တဆင့် ထပ်တက်ရပါသေးတယ်။ ပုဂံမှာ လည်ပြီး သမိုင်းတွေကို နားထောင်ရတဲ့ အချိန်တိုင်းမှာ ၀မ်းနည်းလွမ်းဆွတ် အံ့သြဂုဏ်ယူတဲ့ ခံစားချက်ပေါင်းစုံကိုခံစားရတာပါ။

လောကနန္ဒာ


ဒီလောကနန္ဒာဘုရားကြီး ဟာဆိုရင် မြစ်ကမ်းနံဘေးမှာ တည်ထားတဲ့ ဘုရားကြီးမလို့ လေတဖြူးဖြူးနဲ့ စိတ်ချမ်းမြေ့စရာကောင်းလှပါတယ်။ မြစ်ကမ်းနံဘေးမှာ ရှိသော်လည်း ဘယ်လောက်ပဲမြစ်ရေတိုက်စားစား စေတီတော်ကြီးရဲ့ ကမ်းပါးက မပါသွားပါဘူး။ နောက် လောကနန္ဒာ စေတီက ထွက်ရင် ဂင်းနစ်စံချိန်ဝင် ရွှေဇီးကွက် နေခဲ့တဲ့ နေရာကိုလည်း တွေ့မြင်နိုင်ပါတယ်။

တုရင်တောင်


ပုဂံသမိုင်းမှာရော ၊ သာသနာသမိုင်းမှာပါ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီး ငါမအိုသေးဘူးလို့ မြင်းစီး အစွမ်းပြတဲ့ နေရာလည်း ဖြစ်သလို ရှင် အရဟံပရိနိဗ္ဗာန်စံတဲ့ အချိန်တောင်ခြေမှာ အန္တိမ ဈာပနာ ပြုလုပ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ထူးခြားတာက ရွှေစည်းခုံစေတီတော်ကြီးကို တုရင်တောင်က ကျောက်တွေနဲ့ တည်ခဲ့တယ်လို့ပြောကြပါတယ်။

ပုဂံကစေတီပုထိုး တွေကိုကြည့်ပြီး အင်မတန်အင်အားကြီးမား စည်ပင်သာယာခဲ့တဲ့ ပုဂံခေတ်ကို မျက်စိထဲ ပုံဖော်မြင်ယောင်မိကြမှာပါ။ 

ကဲ ထူးခြားချက်တွေနဲ့ စွယ်တော်လေးဆူကို မနက် ( ၁၂ ) နာရီ မတိုင်ခင် ဘယ်လို ဖူးကြမလဲ ဆိုတော့ မနက်စောစော ထဖို့တော့လိုတာပေါ့နော်။

ပုဂံကိုသွားမယ်လို့စဉ်းစားထားတာနဲ့ စွယ်တော်လေးဆူလည်ဖို့ ကားပါ တခါတည်း ကြိုစီစဉ်ထားပါ။ အဲ့ဒါမှ ကိုယ်စောထွက်ချင်တဲ့ အချိန် ဟိုတယ်ကို လာခိုင်းထားလို့ အဆင်ပြေမှာပါ။ စွယ်ေတော်လေးဆူလည်ဖို့ ကားကြီး Super custom ကို ၃၀၀၀၀ လောက်ပေးရပါတယ်။ သမိုင်းကြောင်းတွေပါ အသေးစိတ်သိချင်ရင် Guide ပါ တခါတည်း တနေ့လုံးစာ ငှားထားလို့ရပါတယ်။ guide ငှားခက ၁၀၀၀၀ ကနေ ၁၅၀၀၀ ကြားမှာရှိပါတယ်။

ပထမဆုံး ညောင်ဦးမြို့မှာရှိတဲ့ မနက်ဝေလီဝေလင်းမှာ ကျက်သရေအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ ရွှေစည်းခုံဘုရားကြီးကို အရင်ဆုံးဖူးမြော်ရမှာဖြစ်ပါတယ်။

ပြီးတာနဲ့ မြစ်ဆိပ်ကို ဆင်းပြီး တန့်ကြည့်တောင်ဘက်ကို ကူးရမှာပါ။ စက်လှေခက တစ်ယောက်ကို ၁၅၀၀ လောက်ပဲရှိပါတယ်။ စက်လှေက စီးလုံးပြတ်ငှားရင် ပို အဆင်ပြေပါတယ်။ သူများတွေနဲ့ ဆိုရင် စောင့်ရတာနဲ့ အချိန်နှောင့်နှေးတတ်လို့ပါ။ စက်လှေကို ကားသမားကို ရှာငှားခိုင်းပါ ။ စက်လှေခ မသိတဲ့ သူတွေ အတွက်လည်း စိတ်ပူစရာမရှိပါဘူး။ စက်လှေခတွေကို မြစ်ဆိပ်မှာ ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားပါတယ်။ ရေးထားတဲ့ ဈေးထက် ပိုတောင်းလို့မရပါဘူး။ စီးလုံးပြတ်ငှားရင် အသွားရော အပြန်ရောကို ၂၅၀၀၀ ၊ ၃၀၀၀၀ လောက်ပဲ ပေးရတာဆိုတော့ အဖွဲ့လိုက်သွားလေ တန်လေပါပဲ။ နောက် ဟိုဘက်ရောက်ရင်လည်း ကားထပ်ငှားဖို့ပူစရာ မလိုပါဘူး။ အဖွဲ့လိုက်ကိုမှ ၁၅၀၀၀ လောက်ဆို ရပါပြီ။

တန့်ကြည့်တောင်ကနေ ဧရာဝတီမြစ်ရေပြင်ကျယ်ကြီးကို ဖြတ်ပီး မြစ်ဆိပ်ရောက်တာနဲ့ လောကနန္ဒာ ဘုရားကြီးကို ဆက်လက်ဖူးမြော်ရုံပါပဲ။ မြစ်ကမ်းနံဘေးမှာတည်ရှိနေတဲ့ လောကနန္ဒာဘုရားကြီးကို မြင်လိုက်ရုံနဲ့ စိတ်အေးချမ်းမှုကို အလိုလို ခံစားရစေတာပါ။

ပြီးရင်တော့ နောက်ဆုံး တုရင်တောင် စေတီကို ဖူးမြော်ပါမယ်။ တုရင်တောင်ပေါ်တက်ရင်လည်း ခရီးသွားများတဲ့ အချိန်ဆို အချိန်အရမ်းကြာပါတယ်။ ကားတွေက အရမ်းရှုပ်လို့ သတိလည်း ထားရပါတယ်။ ခရီးသွားနည်းတဲ့ရာသီဆိုရင်တော့ အချိန်သိပ်မကြာပါဘူး။ ဆွမ်း၊ ပန်း အကုန်ကပ်ပြီးရင်တော့ ဘယ်လောက်မိုးရွာရွာ ရေမတင်တဲ့ ထူးခြားလှတဲ့ မြကန်တမံကြီးကို ကြည့်ရင်း မိမိခေါ်လာတဲ့ guide ကို ပေးရတာနဲ့ တန်အောင် အကုန် ရှင်းပြခိုင်းပါ။

မနက် ( ၄ ) နာရီ ခွဲလောက်က စဖူးရင် မနက် ( ၁၂ ) မတိုင်ခင် စွယ်တော် လေးဆူ အကုန် ဖူးပြီးပါတယ်။ သတိထားရမှာက တန့်ကြည့်တောင်ဘက်သွားရင် ကားသမားကို စက်လှေမြန်မြန် ငှားခိုင်းဖို့နဲ့ စွယ်တော်လေးဆူလုံးမှာ ဆွမ်း ၊ ပန်း ၊ အလှူငွေ ၊ ဆုတောင်း တာက တစ်ခုတည်း ဖြစ်ဖို့ပါပဲ။

နောက် ထမင်းစားနားဖို့ ပုဂံက အကောင်းဆုံးဆိုင်ကို ကားဆရာကို မောင်းပို့ ခိုင်းပေတော့။ စားပြီးလို့ ပုဂံဘုရားတွေ ဆက်လည်ချင်လည်း ကားသမားနဲ့ ဈေးညှိပြီး ဆက်လည်လို့ရပါတယ်။ ဒီလောက်ဆို ပုဂံမှာ စွယ်တော်လေးဆူကို မနက် ( ၁၂ ) မတိုင်ခင် ဖူးပြီး ကျန်တဲ့ နေ့တဝက်မှာ ပုဂံဘုရားတွေ ဖူးလို့ အဆင်ပြေပါပြီ။