ezStay blog

ပုဂံရောက်ရင် မြည်းစမ်းကြည့်သင့်သည့် ဆိုင်များ

01 Sep 2017

ခရီးတစ်ခု သွားမယ်ဆို လည်ဖို့ ပတ်ဖို့ တင်မက အစားအသောက်အတွက်ကလည်း စဉ်းစားရပါသေးတယ်။ တစ်နေကုန် လည်ပတ်ရတာ မလို့ ဗိုက်ဆာတဲ့ အချိန်မှာ စားရတဲ့ အစားအစာ က စားကောင်းဖို့ လိုပါတယ်။ အဲဒီမှာ ပြသာနာက စပြီ ။ ကိုယ်က အခုမှ ရောက်ဖူးတဲ့ ဒေသမှာ ဘယ်ဆိုင်တွေက ကောင်းမှန်းမသိ ။ ကိုယ်ရွေးလိုက်တဲ့ ဆိုင်ကလည်း ကောင်းရင် ကိစ္စမရှိဘူး ။ မကောင်းရင် စိတ်ကသိကအောက်ဖြစ်ပြီး ကိုယ့်ခရီးစဉ်ကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။ အဲဒါကြောင့် ခရီး တစ်ခုထွက်တော့မယ်ဆိုဘယ်ဆိုင်တွေက စားကောင်းလည်း ဆိုတာ လေ့လာထားဖို့ လိုပါတယ်။ ခုပုဂံကိုသွားမယ်ဆို သွားစားရမယ့် ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 မနက်စာစားမယ်


 ဟိုတယ်တွေက မနက်စာ ကျွေးလည်းပဲ ပုဂံရောက်ပြီဆို ဒီ ဆိုင်တွေမှာတော့ ထပ်ပြီး မြည်းစမ်းကြည့်ဖို့ လိုပါတယ်။

မျိုးမျိုးထမင်းဆီစမ်း - ဒါကတော့ ထမင်းပူပူလေးနဲ့ ပဲပြုတ်ဆီစမ်းကို ဟင်းပွဲ အစုံနဲ့ စားရတာဖြစ်ပါတယ်။ ဟင်းတွေရော အသုပ်တွေရော ဟင်းရည်တွေရောနဲ့ အင်မတန်စားလို့ မြိန်ပါတယ်။ 

လောကနန္ဒာ ဘုရားနားမှာလည်း ထမင်းဆီစမ်း ၊ ပုစွန်ကြော်နဲ့ နွားနို့ပူပူလေး သွားစားလို့ရပါတယ်။

 နေ့လည်စာ စားကြမယ်


သရပါ ( ၃ ) ထမင်းဆိုင် - ဒီဆိုင်ကတော့ မသိသူမရှိလောက်ပါဘူး ။ အမေစုသွားစားခဲ့တဲ့ ဆိုင်လေးပါ။ အရံဟင်း (၅) မျိုးလောက်နဲ့ အသားဟင်း တမျိုးကို ၁၅၀၀ လောက်ပဲပေးရတာဆိုတော့ လူလည်း အရမ်းများပါတယ်။ စောစောလေးသွားမှ စိတ်ချရပါတယ်။ အရမ်းရောင်းရတော့ ဟင်းတွေ ကုန်တာ မြန်လို့ပါ။

တောသားလေး ထမင်းဆိုင် - ညောင်ဦးဈေးနားမှာ ရှိတဲ့ ဆိုင်လေးပါ ။ သူလည်း အရံဟင်း (၆) မျိုးလောက်နဲ့ အသားဟင်း (၁) မျိုးကို ၁၅၀၀ လောက်ပဲ ကျပါတယ်။ အိမ်ထမင်း အိမ်ဟင်းလက်ရာ အတိုင်းပါပဲ။

နာမည်ကြီးလှတဲ့ Teak House - ဒီဆိုင်လေးကတော့ နာမည်ကြီး ထန်းရည်အမဲဟင်းလျာရတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ ဟင်းလျာမျိုးစုံကို မြန်မာ့ရိုးရာ ပုံစံမပျက် ပြင်ဆင်ထားတဲ့ ထူးခြားတဲ့ ဆိုင်လေးပါ။ ပုဂံရောက်ရင်တော့ ဒီ Teak House ဆိုင်လေးကို မဖြစ်မနေကို ၀င်သင့်ပါတယ်။ FB မှာလည်း Teak House ဆိုပြီး ရှာကြည့်လို့ရပါတယ်။

ဘူဖေးစားချင်သူတွေ အတွက်ကတော့့ ရွှေစည်းခုံ ဘုရားအဝင်လမ်းထိပ်က နုဝါ မြန်မာဘူဖေးနဲ့ မာလာသိင်္ဂီ မြန်မာ ဘူဖေးဆိုင်တွေမှာ သွားစားလို့ရပါတယ်။

အဆာပြေစားမယ်


နေ့ခင်း အဆာပြေစားမယ် ဆိုရင်တော့ ပြဿဒ်ကြီးဘုရားနားက အညာမုန့်ဟင်းခါးနဲ့ အသုတ်စုံ အရမ်းစားလို့ကောင်းပါတယ်။ 

၀က်သားဒုတ်ထိုး ခရေဇီတွေ အတွက် ပုဂံသွားလည်း မစားရမှာ မပူနဲ့နော်။ ကန်တော့ပလ္လင်ဘုရားနားမှာ ၀က်သားဒုတ်ထိုးနဲ့ ကြာဇံကြော်သွားစားလို့ရပါတယ်။ အကြော်စုံပူပူလေးတွေ စားချင်ရင်တော့ ရွှေစည်းခုံဘုရားနားမှာပဲ စားစား ၊ ဗူးဘုရားနားပဲ စားစား E- bike လေးစီးပြီး ကြိုက်တဲ့ နေရာ မှာ သွားစားလို့ရပါတယ်။

ညနေခင်းလေးမှာ ထန်းရည်လေးနဲ့ အညာဗူးသီးကြော်လက်ရာလေးကို မြည်းစမ်းချင်ရင်တော့ “ ပိုင်ထန်းတဲ ဆိုင်လေးကို သွားလိုက်ပါ။ 

လင့်စင်တွေ ပေါ်ကနေ ရှုခင်းတွေ ခံစားချင်ရင်တော့ “ အညာလက်ဆောင် “ ဆိုတဲ့ ဆိုင်လေးရှိပါတယ်။

ညစာစားကြမယ်


မြစ်ကမ်းဘေးမှာ လေလေး တဖြူးဖြူးနဲ့ စားချင်ရင်တော့ Sunset Garden ကိုသွားလိုက်ပါ။ တရုတ် အစားအစာတွေ ဦးစားပေးရောင်းပါတယ်။ တခြားအစားအစာတွေလည်း ရပါတယ်။ အိုးလေးတွေ နဲ့ အလှဆင်ထားတာမလို့ ဓါတ်ပုံရိုက်ချင်သူတွေ အတွက်တော့ အသင့်တော်ဆုံးပါပဲ။

ရုပ်သေးပွဲကြည့်ပြီး ညစာလေး စားချင်ရင်တော့ နန္ဒာစားသောက်ဆိုင်ကိုသွားလိုက်ပါ။ မြန်မာ့ရိုးရာ ရုပ်သေးပွဲလေးကို စားရင်းသောက်ရင်းကြည့်ရတာ ထူးခြားတဲ့ ခံစားချက်လေးခံစားရမှာပါ။

လက်ဖက်ပီဇာ ၊ အကင််မျိုးစုံစားချင်ရင်တော့ ယာခင်းသာလမ်းကိုသာ သွားလိုက်ပါ ။ အကင် ၊ အအေး တခြား အသုတ်မျိုးစုံ ကို ပွဲဈေးတန်းလို ဆိုင်တွေ အများကြီးပါ ။ ကြိုက်တဲ့ ဆိုင်မှာ ကျသလောက်ရှင်းပြီး စိတ်ကြိုက်စားလို့ရပါတယ်။

ခုလောက်ဆို ပုဂံမှာ စားဖို့ သောက်ဖို့ အဆင်ပြေလောက်ပြီထင်ပါတယ်။ ပုဂံသွားမယ့် ခရီးသွားတွေ အဆင်ပြေအောင် လူကြိုက်များနေတဲ့ ဆိုင်လေးတွေကို Ezstay ကရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။