ezStay blog

ပြင်ဦးလွင်မြို့ကို ရောက်ရင် မဖြစ်မနေ ၀င်သင့်သည့်ဆိုင်များ

18 Jan 2018

မသိဘူး ဘယ်သွားသွားစားမယ်။ ဘာလာလာ ဒေါင်းမယ်ဆိုတဲ့ သူတွေလက်ထောင်လိုက်တော့ ။ ခရီးသွားရင်လည်း အသစ်အဆန်းတွေမှ စားချင်တယ်ဆိုတဲ့ သူတွေအတွက် သတင်းကောင်းလေးတွေ လာမယ်ဗျို့။ ဆောင်းရာသီကို ရောက်လာပြီဆိုတော့  ဆောင်းရဲ့အငွေ့အသက်ကို အပြည့်အဝခံစားဖို့ ဘယ်သွားမလဲဆိုရင်  ပရိသတ်ကြီး အယောက်တစ်ရာရဲ့ အဖြေက ခရီးလည်း အရမ်းမပန်းဘဲ စိတ်ချမ်းသာမှုကို အပြည့်အဝခံစားရမယ့် ငါးမည်ရ ပြင်ဦးလွင် မြို့လေးပဲပေါ့။ ပထမဆုံး ပြင်ဦးလွင်ဆိုတော့ အောတီတို့ အားမေတို့ သိပ်မကြိုက်တဲ့  ၀ိုင်စစ်စစ်တွေကို မြည်းစမ်းကြည့်ဖို့ ကတော့  ပြောစရာမလိုဘူးထင်ပါတယ်။  


ပထမဆုံးဘုရင်လိုစားမယ့် မနက်စာကို ဘယ်မှာစားကြမလဲ


အရင်ဦးဆုံး ဟိုတယ်မှာ Breakfast ပါတယ်ဆိုပြီး အကုန်အကျသက်သာနည်းလားတော့ မလုပ်နဲ့နော်။ ဒေသအသစ်တစ်ခုကိုရောက်ရင် အဲ့ဒေသရဲ့ အစားအစာလေးတွေ မြည်းစမ်းကြည့်စေချင်တာကြောင့် မနက်စာကိုလည်း ရှမ်းအစားအစာလေးတွေ စားသုံးကြည့်စေချင်ပါတယ်။ အရသာက ရန်ကုန်က ရှမ်းခေါက်ဆွဲပုံစံတွေနဲ့ တူလွန်းလို့ ရှမ်းခေါက်ဆွဲမှ ဟုတ်ရဲ့လားလို့ ပြန်မေးရမယ်နော်။ 

- မြို့ထဲမှာစားမယ်ဆိုရင်တော့ မြို့ပတ်လမ်းနားက Black lotus နားက ရှမ်းဆိုင်

ရှမ်းခေါက်ဆွဲ ၊ တို့ဟူးနွေး စတဲ့ ရှမ်းအစားအစာ ပူပူနွေးနွေး ရှမ်းအရသာစစ်စစ်ကို စားသုံးရမှာဖြစ်ပါတယ်။ 

- ရွှေဘုံသာလမ်း ၊ သုမင်္ဂလာရပ်ကွက် ၊  ထ ( ၄ ) ကျောင်းရှေ့နားက မောဓနု ရှမ်းဆိုင်

(ဆိုင်နာမည်လေးကြားလိုက်တာနဲ့ကိုရှမ်းရိုးရာအစားအစာတွေကိုမြည်းစမ်းကြည့်ချင်လာအောင်လုပ်နိုင်တာလည်းနာမည်လေးရဲ့ စွဲဆောင်မှုတစ်မျိုးပေါ့နော်။   အဲ့ ဆိုင်လေးက လတ်လတ်ဆတ်ဆတ်သုပ်ထားတဲ့ ရွှေပဲရွက်သုပ်နဲ့ ၀က်သားဟင်းထုပ်ကတော့ လူကြိုက်များပါတယ်။ တခြား ရှမ်းအစားအစာတွေနဲ့ မနက်ခင်းစားစရာတွေလည်း ရပါသေးတယ်။ နှပ်ကော်ဖီလေးကလည်း ဒီဆိုင်ရဲ့ စွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ) 

- လက်ဖက်ရည်မှ လက်ဖက်ရည် မသောက်ရရင်မနေနိုင်ဘူးဆိုသူတွေကတော့ ရွှေပုလဲ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကောင်းကောင်းလေးနဲ့ မနက်ခင်းစာမျိုးစုံကို သွားစားလို့ရပါတယ်။

- ပေါက်စီစားချင်ရင်တော့ တူးတူး မြန်မာထမင်းဆိုင်နားက  ချင်းလှိုင်ပေါက်စီဆိုင်ကိုသာသွားလိုက်ပါ။ 




စားချင်တဲ့ ဆိုင်တစ်ဆိုင်ဆိုင်မှာ မနက်စာကို အပြည့်ဖြည့်ပြီးပြီဆိုရင်တော့ ပြင်ဦးလွင်တခွင် ပြဲပြဲစင်အောင်လည်မယ်ပတ်မယ်။ မောမောပန်းပန်းနဲ့ ဗိုက်ချောင်လာတော့ နေ့လည်စာ ဘယ်မှာစားမလဲ


- ပထမဆုံး ရှမ်းအစားအစာပဲ စားချင်တဲ့ သူတွေ အတွက်ကတော့ (၁၅) လမ်းထဲက မောင့်နမ့်ခမ်းထမင်းဆိုင်မှာစားလို့ရပါတယ်။ ရှမ်းဟင်းတွေ အစုံအလင်ရတဲ့အပြင် ဈေးလည်း အရမ်းမကြီးတာမလို့ စားလို့ အဆင်ပြေတဲ့ ဆိုင်လေးဖြစ်ပါတယ်။ 

- နောက် လားရှိုးလမ်းမကြီးပေါ်က ကောင်းသန့် ရှမ်းထမင်းဆိုင်လေးကလည်းလူကြိုက်များတဲ့ ဆိုင်လေးပါ။ 

- ပြင်ဦးလွင်က အိန္ဒိယ အစားအစာတွေမှာလည်း နာမည်ကြီးတာမလို့ ချစ်တီးထမင်းကောင်းကောင်းစားချင်ရင်တော့ နာရီစင်နားက ခရစ္စနား ချစ်တီးထမင်းဆိုင် 

ဈေးလေးနားက အောင်ပတ္တမြား ချစ်တီးထမင်းဆိုင် 

- မြန်မာထမင်းဟင်းပဲ စားသုံးချင်သူတွေအတွက်ကတော့ လားရှိုးလမ်းမကြီးပေါ်က စံပြထမင်းဆိုင် 

- မြန်မာဟင်းစစ်စစ်လက်ရာတွေကို  မြန်မာသံစဉ်တေးသီချင်းလေးတွေနားဆင်ရင်း စားသုံးချင်ရင်တော့ တူးတူးမြန်မာထမင်းဆိုင်ကိုသာရွေးလိုက်ပါ။




နေ့လည်စာစားပြီးပြီဆိုတော့ ထပ်ပြီးလည်ရင်းပတ်ရင်းနဲ့ အအီပြေလေးတွေ စားပြန်ဦးမယ် မရဘူး ကိုယ်တွေက ကောင်းထက်ဇော်နဲ့ အမျိုးတော်တယ်


- နေ့လည်လောက်ဆိုတော့ ဒီဇင်ဘာခြံ ကို သွားပြီး အပန်းလည်းဖြေ၊  Photo တွေလည်းရိုက် ၊ နာမည်ကြီးလှတဲ့ နွားနို့စစ်စစ် အရသာ ၊ သဘာဝအသီးအနှံ ၊ စတော်ဘယ်ရီ လတ်လတ်ဆတ်ဆတ်တွေကိုလည်းမြည်းစမ်းရင်း ခဏတဖြုတ်နားမယ်ပေါ့နော်။

- ကော်ဖီစစ်စစ်အရသာလေးကိုမှ သောက်ချင်ပါတယ်ဆိုရင်တော့

ရိုးရှင်းတဲ့ ဒီဇိုင်းလေးနဲ့ တိတ်ဆိတ်အေးချမ်းပြီး သဘာဝကော်ဖီစစ်စစ်အရသာကို အပြည့်အဝခံစားရမယ့် Brista Khaing

- ကဗျာဆန်ဆန်လေးနဲ့မှ ကော်ဖီသောက်ချင်တယ်ဆိုရင်တာ့ နန်းမြိုင်ကော်ဖီဆိုင်နဲ့ ပန်းတော်ဝင်ကော်ဖီဆိုင် 

- သတင်းကြီးလှတဲ့ ကန်တော်ကြီးထဲက Bamboo Cafe ကလည်းမဖြစ်မနေ  သွားကိုသွားရမယ့်နေရာပါ။ ၀ါးလေးတွေကို  ဒီဇိုင်းဆန်းလေးနဲ့ အသွင်တမျိုးလေးဖြစ်အောင်ဆောက်လုပ်ထားပြီး အမိုက်စားပုံလေးတွေ ရိုက်လို့ရအောင် ပြင်ဆင်ထားတာကြောင့် ဓါတ်ပုံဝါသနာအိုးတွေအတွက်ကတော့ လက်မလွတ်သင့်တဲ့နေရာလေးနော် ။ နောက် Bar လည်းရှိသလို နှပ်ကော်ဖီစစ်စစ်တွေရတဲ့အပြင် အစားအစာမျိုးစုံလည်း ရတာမလို့  ကန်တော်ကြီးထဲ အလည်အပတ်သွားရင် ၀င်ကို ၀င်သင့်တဲ့ နေရာလေးတစ်ခုပါ။ 

- နှီးဘုရားတို့ ၊ ဓါတ်တော်ချိုင့်တို့ လည်ရင်းပတ်ရင်း အနီးစခန်းကိုရောက်နေတယ်ဆိုရင်တော့  အနီးစခနး်နားက အေးအေးဆေးဆေးရှိတဲ့ စာကြည့်တိုက်ကော်ဖီဆိုင်မှာလည်း သဘာဝ ကော်ဖီစစ်စစ်တွေ သောက်သုံးလို့ရပါသေးတယ်။ 


နှပ်ကော်ဖီစစ်စစ်တွေကတော့ ပြင်ဦးလွင်မှာ ဘယ်မှာပဲသောက်သောက် အရသာ တစ်ဆိုင်တစ်မျိုးစီနဲ့ သောက်လို့ ကောင်းတာတော့ အမှန်ပဲ ။ စိတ်ကိုက ပြင်ဦးလွင်မှာသောက်နေရတယ်ဆိုပြီး  Feel တက်နေတာကို





တစ်နေကုန်လည်ပတ်ပြီးလို့ ညစာစားမယ်

 

- ညစာကို ပူပူနွေးနွေး ရှူးရှူးရှဲရှဲ Hot pot နဲ့ အကင် စားချင်တယ်ဆိုရင်တော့ စုပေါင်းလမ်းအတိုင်းတည့်တည့်ကြီးသွားပြီး ကိုရီးယားစတိုင် အကင်ဆိုင်မှာ ဘူဖေးတစ်ယောက်ကို ၄၀၀၀ လောက်နဲ့ အားပါးတရ သွားရောက်သုံးဆောင်လိုက်ပါ။ ရာသီဥတုကလည်း အေးအေးနဲ့ ပြင်ဦးလွင်ဝိုင်လေးကို ဆိုဂျူလို့သဘောထားပြီးအကင်လေးစားလိုက် မက်မန်းဝိုင်လေးသောက်လိုက်နဲ့  မသိဘူး ကိုရီးယားရောက်နေတယ်လို့ မှတ်ပြီးကို အကုန်စားပစ်မှာ ။ 

- ကန်တော်ကြီးအဝိုင်းနားမှာလည်း ကိုင်ကို ဆိုတဲ့ အကင်ဆိုင်လေးရှိပါသေးတယ်။ လူကြိုက်များတဲ့ အကင်ဆိုင်လေးတွေပေါ့။ 

- နောက်ဂဏန်းမဆလာနဲ့ငါးမာလာစားချင်ရင်တော့ ၀မ်လီ ဆိုတဲ့ ဆိုင်လေးကိုသာသွားလိုက်ပါ။ လျှာလည်သွားစေရပါမယ်။ တရုတ်အစားအစာတွေရတဲ့ အပြင်ဒီဆိုင်လေးရဲ့ ယိုးဒယား ပဲကြာဇံသုတ် ကလည်း လူကြိုက်များပါတယ်။  ထူးထူးခြားခြား ချဉ်စော်ကားကြက်ပေါင်းရည်တို့ လက်ဖက် ဆေးကြက်ဥတို့ပါ ရသေးတာကြောင့် လူတိုးမပေါက်တဲ့ ဆိုင်လေးလည်းဖြစ်ပါတယ်။ 

ပြင်ဦးလွင်ရာသီဥတုမှာ မာဖလာတွေပတ် ခေါင်းစွပ်တွေ ခြေအိတ်တွေ လက်အိတ်တွေ ၀တ် လမ်းလေးလျှောက်ပြီး ရိုဆန်ဆန်  ဟိုစပ်စပ် ဒီစပ်စပ်လျှောက်စားချင်ပါတယ်ဆိုရင်တော့ ဈေးကြီး ညဈေးတန်း ( မြန်မာအစားအစာပိုများ) နဲ့ ဈေးလေး ညဈေးတန်း ( ရှမ်းအစားအစာပိုများ ) ကို  သွားရောက်လည်ပတ်စားသုံးနိုင်ပါတယ်။ 





ဒီလောက်ဆိုရင်တော့ ပြင်ဦးလွင်မှာ အလည်အပတ်သွားရင်း  စားမယ် ၀ါးမယ် အစီအစဉ်လောက်တော့ ရိုက်လို့ရပြီနော်။ ပြင်ဦးလွင်မှာလည်ပတ်ပြီးဘယ်မှာစားရမှာလဲ စဉ်းစားရခက်နေသူတွေအတွက် လူကြိုက်များတဲ့ ဆိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။